ကျော်ကျော်ဦး ကော့ခပို (ဓမ္မစကားနေ့တိုင်းကြားက . စိတ်ထားဖွေးလက်သိဥဏ်ထက်၏)

Wednesday, November 5, 2014

တန်ဆောင်းမုန်းလပြည့်ညကို ဆေးပေါင်းခတဲ့ည ဟုဆို၍ မဲဇလီဖူးသုတ်စားရခြင်းအကြောင်း

တန်ဆောင်းမုန်းလပြည့်ညကို
ဆေးပေါင်းခတဲ့ည ဟုဆို၍
မဲဇလီဖူးသုတ်စားရခြင်းအကြောင်း
……
နက္ခတ်ဗေဒင်မှာ တန်ဆောင်မုန်းလပြည့် ဆိုတာ တနင်္ဂနွေဂြိုဟ် နိစ်ရာသီ တူရာသီကနေ ဗြိစ္ဆာရာသီကို
ပြောင်းသွားပြီး တနင်္လာဂြိုဟ်က ၁၈၀ အံသာ (ဒီဂရီ) အကွာ ပြိဿရာသီ ရောက်တဲ့ကာလ ဖြစ်ပါတယ်။
စန်းယှဉ်နက္ခတ်က ကြတ္တိကာနက္ခတ်နဲ့ ယှဉ်လေ့ရှိပါတယ်။

ဆေးပေါင်းခတဲ့ည ဖြစ်ရတာက တနင်္ဂနွေ တနင်္လာ ပြိဿ ဗြိစ္ဆာ ရာသီတွေ ဂြိုဟ်တွေကြောင့်ပါ။
တနင်္လာဂြိုဟ်ဟာ ဆေးဘက်ဝင် နွယ်မြက်သစ်ပင်တွေရဲ့ ကာရကဂြိုဟ် ဖြစ်ပါတယ်။ ပြိဿရာသီမှာ အလင်းအား အမြင့်ဆုံး ဥစ်အိမ်ဖြစ်တဲ့ပြင် လပြည့် အတိဗလဝ ပုဏ္ဏာစန်း ဖြစ်နေပါတယ်။ အာပေါဓာတ် အထူးအားကောင်းနေချိန်ပါ။

တေဇောဂြိုဟ် တနင်္ဂနွေ နိစ် လွတ်သွားပြီး ဥစ်ရာသီဆီကို တက်လာနေပါတယ်။ တေဇောဓာတ်ဟာ ကြီးထွားခြင်းရော အိုမင်းရင့်ရော်ခြင်းရော ၂မျိုးလုံးကို ဖြစ်စေနိုင်ပါတယ်။
နိစ်ရာသီ ကနေ ဥစ်ရာသီဆီကို တက်နေချိန်မှာ ကြီးထွားတေဇောပါ။ ဥစ်ရာသီကနေ နိစ်ရာသီ ဆီကို ဆင်းနေချိန်မှာ ရင့်ရော် တေဇော ဖြစ်သွားပါပြီ။
ဒါကြောင့် တန်ဆောင်မုန်းလပြည့် မှာ ကြီးထွားတေဇော လွှင့်ထုတ်ပေးနေပါတယ်။

ဘယ်ဓာတ်တွေ ဘယ်လိုပင် အားကောင်းနေပါစေ ပထဝီဓာတ်ခံ မကောင်းရင် တည်မှီလို့ မရပါဘူး။
ပြိဿရာသီက ပထဝီဓာတ်ခံ ကောင်းတဲ့ ရေပြည့်လယ်မြေ ရာသီ ဖြစ်ပါတယ်။
အိမ်ရှင် သောကြာ က အာပေါဓာတ် ထပ်ဖြည့်ပေးပြန်ပါတယ်။
အာပေါရာသီ ဗြိစ္ဆာမှာ ရပ်တည်တဲ့တနင်္ဂနွေကို အိမ်ရှင် အင်္ဂါ က တေဇော ဖြည့်ပေးနေသလို တေဇောနက္ခတ် ကြတ္တိကာကလဲ အာပေါမလွန်အောင် တနင်္လာ နဲ့ သောကြာ ကို ထိန်းထားပြန်ပါတယ်။

မြေ ကောင်း ရေ ကောင်း နေ ကောင်း ဓာတ် ၃ ပါး ညီညွတ်နေချိန်ဟာ တန်ဆောင်မုန်းလပြည့် အချိန်ပါပဲ။
ပြိဿရာသီ နဲ့ ဗြိစ္ဆာရာသီတို့ဟာလဲ သစ်ပင်ရေမြေတောတောင်ဆိုင်ရာ မူလ ( ဓာတု ဇီဝ ) ရာသီတွေ ဖြစ်ကြလို့ ဆေးဖက်ဝင်အပင်တွေကို ထောက်ပံ့ပြန်ပါတယ်။

မဟာဘူတ ဓာတ်ကြီး ၄ ပါးနဲ့ ဖွဲ့စည်းထားတဲ့ ရုပ်ဝတ္ထုပစွည်းတွေထဲမှာ တန်ဆောင်မုန်းလပြည့် ကာလအနီး ဝေဝေဆာဆာ ဖူးပွင့်ကြတဲ့ စားပင် သီးပင်တွေ ကို ကြည့်ရင် ဝါယောဓာတ် အခါးအရသာ ပြည့်ဝတဲ့ မဲဇလီပင်ဟာ အထင်ရှားဆုံး ဖြစ်ပါတယ်။
လူတွေ အခါးအရသာ အစားနည်းကြလို့ ဝါယောဓာတ် ချို့တဲ့နေကြတာကို ရှေးပညာရှင်တွေက သိမြင်ခဲ့ကြပါတယ်။
သဘာဝအရကိုက ဆေးဖက်ဝင်နေပြီးဖြစ်တဲ့ မဲဇလီဖူးကို စကြာဝဠာစွမ်းအားစုကြီးတွေက တန်ဆောင်မုန်းလပြည့်ည မှာ ထောက်ပံ့လိုက်တော့ ဆေးပေါင်းခတဲ့ည ဖြစ်လာပါတော့တယ်။

ဒီနေရာမှာ ဆေးဖက်ဝင် မဲဇလီပင်မှာရှိနေတဲ့ ဓာတ်ကြီး ၄ ပါးထဲ အားကောင်းညီညွတ်နေတဲ့ စကြာဝဠာ ဓာတ်ကြီး ၄ပါးက ထောက်ပံ့မှုကို တန်ဆောင်မုန်းလပြည့်ညက ပံ့ပိုးနေပြန်ပါတယ်။
ဇောတိသရောင်ခြည် ( cosmic rays ) တွေ ကမ္ဘာပေါ် ရိုက်ခတ်တဲ့အခါ တားဆီးပိတ်ပင်တတ်တဲ့ ညစ်မျိုး ၅ပါး ရှိနေတတ်ပါတယ်။
ဆီးနှင်း မြူ တိမ် သူရိန် မီးခိုး ၅ မျိုးပါ။

တန်ဆောင်မုန်းလပြည့်ည ဟာ မိုးအကုန် ဆောင်းအကူး ကာလ ဖြစ်လို့ ဆီးနှင်း မကျသေးပါဘူး။မိုးရွာသွန်းထားလို့ မြူမထနိုင်သေးပါဘူး။မိုးတိမ်တွေ ကုန်သွားချိန်မို့ တိမ်မဖုံးနိုင်သေးပါဘူး။ညအခါ ဖြစ်လို့ နေရောင် မနှောင့်ယှက်ပါဘူး။တောမီးမလောင် တောင်ယာမီးမရှို့တာကြောင့် မီးခိုးမထပါဘူး။ညစ်မျိုး ၅ ပါးလုံး ကင်းစင်လေ့ရှိတာ တန်ဆောင်မုန်းလပြည့်ညကလွဲလို့ မရှိနိုင်ပါဘူး
ဒါ့ကြောင့်လဲ ကြယ်တွေအစုံ မြင်နိုင်တဲ့ည ဆေးပေါင်းခတဲ့ည ဖြစ်ရတာပါ။

ဖြည့်ပြောချင်တာကတော့ လူဟာ လူလူချင်းပြောတာကို နားဝင် လိုက်နာလိုစိတ် နည်းပါးလေ့ရှိပါတယ်။
တန်ခိုးရှင်တွေကပြောတယ်ဆိုရင် မျက်ကန်းယုံကြည်စိတ်နဲ့တောင် လိုက်နာဖို့ ဝန်မလေးတတ်ပါဘူး။
လူ့သဘာဝကို နောကျေနေတဲ့ ပညာရှင်တွေက အခါးကြောက်တဲ့လူတွေကို ဆေးပေါင်းခတဲ့ မဲဇလီဖူး စားစေချင်တော့ နတ်သဘင် အစည်းအဝေးကို မဟေသရနတ်မင်းကြီး ဦးဆောင်ပြီး တန်ဆောင်မုန်းလပြည့်ည မဲဇလီပင်အောက်မှာ ကျင်းပကြောင်း ပုံထုတ်ခဲ့ဟန် တူပါတယ်။

Astro

No comments:

Post a Comment